Tuesday, May 22, 2012

အများသုံးဈေးအိမ်သာများကို စနစ်တကျ မဆောင်ရွက်ပါက ဈေးတာဝန်ခံနှင့် ကန်ထရိုက်ကို အရေးယူမည်


အများသုံး ဈေးအိမ်သာများကို စနစ်တကျ မဆောင်ရွက်ပါက ဈေးတာဝန်ခံနှင့် ကန်ထရိုက်ကို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန ဌာနမှူး ဦးချိုထွန်းအောင်က ပြောကြားသည်။ “ဈေးတာဝန်ခံကို ပြောပြီးသား၊ ဈေးအိမ်သာက ရေဆိုးတွေ လျှံတာမျိုးတွေကို လက်မခံဘူး။ အဲလိုဖြစ်ရင် တာဝန်ခံကိုရော၊ ကန်ထရိုက်ကိုရော အရေးယူမယ်” ဟု ယင်းကဆိုသည်။ ရန်ကုန်မြို့တွင် ၁၉၈၉-၉၀ ဝန်းကျင်က တည်ဆောက်ခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ အဝင်အထွက်များကာ အနယ်နယ်အရပ်ရပ်မှ ဈေးဝယ်သူများ ပြည့်နေသည့် ကမာရွတ် လှည်းတန်းဈေးတွင် အသုံးပြုသည့် ဈေးအိမ်သာမှ ရေဆိုးများ ဈေးနောက်ပေ ၅၀ ကျော် လမ်းတစ်လျှောက် အမြဲစီးနေကာ အနံ့ဆိုးများ ထွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဈေးအိမ်သာ ရေဆိုးသိုလှောင်ရာကိုလည်း YCDC က လွန်ခဲ့သော လေးလခန့်ကပင် အသစ်ပြုပြင်ခဲ့သည်ဟု ဈေးများဌာနက ဆိုသည်။ “ကန်ထရိုက်တာကိုပြောပြီး ရေမလျှံဖို့ အသစ်လုပ်ထားတာ လေးလလောက်ပဲ ရှိပါသေးတယ်။ 

အခုရေလျှံတယ်လို့ သိရတဲ့အတွက် ပြန်ပြီးစီစဉ်လိုက်ပါဦးမယ်” ဟု YCDC ဈေးများဌာန အရာထမ်းတစ်ဦးက ပြောသည်။ လှည်းတန်းဈေး အနောက်ဘက်မှ ပျံကျဈေးတန်းတစ်ခုရှိပြီး ယင်းဈေးတွင် အိမ်သာမှရေမှာ လမ်းတစ်လျှောက်သို့ စီးနေသည်ကို တွေ့ရသည်။ လှည်းတန်းဈေးသည် ၁၉၈၈ နောက်ပိုင်းတွင် ပထမဆုံးတည်ဆောက်သော အဆင့်မြင့်နှစ်ထပ်ဈေးကြီးဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၆၂ ခန်း ရှိသည့်အပြင် ပျံကျဈေးသည်များလည်း ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More