Saturday, May 19, 2012

အမေရိကန်က စီးပွားရေး ခေတ္တရပ်ဆိုင်း ပေးလိုက်ပြီ သို့သော် ကန့်သတ်ပိတ်ပင်မှုတွေ ကျန်ရှိနေဆဲ



နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာမှုကြောင့် ကမ္ဘာ့နိုင်ငံ အများစုက အာရုံစိုက်လာသည့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဆိုင်းငံ့လိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ထားမှုများကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ အမေရိကန်၏ မြန်မာအပေါ် စီးပွားရေး  ပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိနိုင်မည်ဖြစ်သည်။ သို့သော်
မြန်မာပြည်တွင်းမှ ထွက်ကုန်များ Made In Myanmar များကို တင်ပို့ရောင်းချခွင့် မရှိသေးပေ၊ စစ်လက်နက် ၀ယ်ယူခွင့်လည်း မရှိသေးပဲ ဆက်လက် ပိတ်ပင်ထား လျှက်ရှိသည်၊ ယခင်အစိုးရနှင့် ဆက်နွှယ်သော စီးပွားရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုကိုမူ ကန့်သတ်ထားသည်။ ထို့အပြင် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးနှစ်ဦး၏ ဆွေးနွေးပွဲအပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ထားရှိခြင်းသည် နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံးအဖြစ်သည်။ မြန်မာနိုင်ငံကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးသန်းဆွေကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း နှစ်ဖက်တွေ့ဆုံအပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။ ဥရောပသမဂ္ဂကလည်း မြန်မာအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများကို တစ်နှစ်အထိ ဆိုင်းငံ့ပေးထားပြီး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
အကန့် အသတ်တွေ ရှိနေဆဲ ဖြစ်ပြီး ခေတ္တဆိုင်းငံ့ ပေးထားခြင်း ဖြစ်တာကြောင့် ရေရှည် လုပ်ငန်းကြီးတွေ လာရောက် ရင်းနှီးမြုပ်နှံဖို့ စဉ်းစားကာ တွေဝေနိုင်ပါသည်။ ဘာပဲ ဖြစ်ဖြစ် ကန့်လန့်တိုက် သူတွေကြားထဲမှ လက်တွေ့ ကြိုးစား အကောင်အထည် ဖော်သူများရဲ့ ကြိုးစားမှု ရလဒ် ပဲဖြစ်ပါသည်...

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More