Tuesday, May 22, 2012

လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက မည်သည့်အချိန်က ဖြစ်ရပ်မဆို လူ့အခွင့်အရေး စိစစ်ရေးကော်မတီသို့ တိုင်ကြားနိုင်


မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သည်၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်သော လူ့အခွင့်အရေးအရ နစ်နာဆုံးရှုံးမှုများကို မဆို ခိုင်လုံသော အထောက်အထားဖြင့် လာရောက် တိုင်ကြားနိုင်ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။ “ကျွန်တော်ပြောတာက ၂၀၀၇ ကိစ္စမှ မဟုတ်ပါဘူး။ ၈၈ တုန်းကပဲဖြစ်ဖြစ်၊ အခုချိန်မှာပဲဖြစ်ဖြစ် သမိုင်းတစ်ခုမှာ နစ်နာခဲ့တာရှိရင် ကျွန်တော်တို့ ကော်မတီကို တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ကို လွှတ်တော်က ကော်မတီအဖြစ် ဖွဲ့စည်းပေးထားတာ ဒီအတိုင်း ထိုင်နေဖို့ မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေကို စိစစ်ပေးဖို့ပါ။ ဘာမှမလုပ်ရင် ကျွန်တော်တို့ ကော်မတီကို ထားစရာ မလိုဘူးပေါ့။ ကျွန်တော်တို့ လက်ရှိလဲ တိုင်စာ ၁၀၀ လောက်ကို စိစစ်နေပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။ 

အဆိုပါ ကော်မတီက ပြည်သူလူထုမှ တိုင်ကြားလာသည့် နစ်နာဆုံးရှုံးမှုများကို ကော်မတီ၏ ဖွဲ့စည်းပုံပါ ဆပ်ကော်မတီများက တိုင်ကြားမှု အကြောင်းအရာအလိုက် သက်ဆိုင်ရာ ဆပ်ကော်မတီများက စိစစ်ပြီး အဆိုပါ တိုင်ကြားမှုသည် မှန်ကန်မှုရှိသည်ဟု ဆပ်ကော်မတီမှ ဆုံးဖြတ်ပါက ကော်မတီမှ ဆက်လက်ဆွေးနွေးပြီး မှန်ကန်ပါက လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌမှ သဘောတူညီပါက သမ္မတထံ ဆက်လက်တင်ပြသွားပြီး စိစစ်ရန် ခွင့်ပြုပါက တိုင်ကြားသည့်ကိစ္စရပ်အား နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကော်မတီကို တိုင်ကြားစာ ၁၀၀ ကျော်ရှိနေပြီ။

 ဇွန်လ ပထမပတ်ထဲမှာ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်တစ်ခုမှာ ကွင်းဆင်းစစ်ဆေးသွားဖို့ ရှိတယ်။ ဒီအတွက် စရိတ်တွေကိုလဲ လွှတ်တော်က ခွင့်ပြုပြီးသားပါ။ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကလဲ ခွင့်ပြုချက်ရပြီးပါပြီ။ ကျွန်တော်တို့ ကော်မတီက ငါးဦးသွားစစ်ဆေးမယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More