Tuesday, May 22, 2012

ရေအောက်ဥမင်လမ်း အပါအဝင် ရန်ကုန်တွင် မြစ်ကူးတံတားလေးစင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံ တည်ဆောက်မည်



ရန်ကုန်မြစ်ကူး ရေအောက်ဥမင်လမ်း အပါအဝင် မြစ်ကူးတံတားလေးစင်းကို ရန်ကုန်တွင် ကန်ဒေါ်လာသန်း ၁၀၀ နီးပါး အကုန်အကျခံကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အမှုဆောင်အင်ဂျင်နီယာ ဦးသက်ဇော်ဝင်းက ထုတ်ဖော် ပြောကြားသည်။ အဆိုပါ မြစ်ကူးတံတားများမှာ ဒလရေအောက်ဥမင် (ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးလမ်း)၊ လှိုင်မြစ်ကူးတံတား (ကြည့်မြင်တိုင်-အေးရွာလမ်း)၊ ဘုရင့်နောင် တံတားအမှတ်-၂ (ရန်ကုန်-ပုသိမ်လမ်း)၊ ဝါးတစ်ရာတံတား (ထန်းတစ်ပင်-မှော်ဘီလမ်း) တို့ ဖြစ်ကြောင်း သိရသည်။ အထက်ပါ တံတား တည်ဆောက်ရေး များနှင့် ပတ်သက်၍ မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ (၂၀၁၂) တွင် ဦးသက်ဇော်ဝင်းက ယင်းတင်သွင်းဖတ်ကြားသော မြန်မာ့လမ်းတံတား ဖွံ့ဖြိုးရေးစာတမ်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက “တွေ့လိုက်ရတဲ့ တံတားတွေ လုပ်မယ့် နေရာတွေက မဆိုးပါဘူး။ 

ဒလဆို ဖြစ်သင့်နေတာ ကြာပါပြီ။ ကြည့်မြင်တိုင်ဘက်ကနေ အေးရွာဘက်ကို ထိုးမယ့်တံတားကျတော့လဲ ရန်ကုန်တစ်ဖက်ကမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်မယ် ထင်ပါတယ်။ အခုဆို ရန်ကုန်မြို့က လူဦးရေထူထပ်လွန်းနေပြီ။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒီတော့ ဟိုဘက်ကမ်းတွေပါ ဖွံ့ဖြိုးလာမယ်၊ သွားရေးလာရေးလဲ ကောင်းလာမယ်ဆိုရင် အဲဒီပြဿနာတွေတော့ အထိုက်အလျောက် ပြေလည်မှာပေါ့” ဟု ပြောသည်။ ဦးသက်ဇော်ဝင်း၏ စာတမ်းအရ ဒလရေအောက်ဥမင်သည် နှစ်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ သန်း ၅၀ (ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၆၂၅၆)၊ လှိုင်မြစ်ကူးတံတားသည် လေးလမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း(ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဘုရင်နော့င် တံတားအမှတ်(၂)သည် ခြောက်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၂၅ သန်း (ချဉ်းကပ်အပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဝါးတစ်ရာတံတားသည် ကြိုးတံတားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၆ သန်း(ချဉ်းကပ်အပါအဝင် အရှည်မီတာ ၇၀၀) တို့ဖြစ်ကြောင်း သိရသည်။

 မြစ်ကူးတံတား လေးစင်းတည်ဆောက်မည် ဆိုခြင်းနှင့်ပတ်သက်၍ ပဉ္စမအကြိမ် စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “အခုတံတားလေးစင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနက သူ့ဘတ်ဂျက်နဲ့သူ ဆောက်မှာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ဂျပန်ကပေးမယ့် အိုဒီအေထဲမှာ ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက်လဲ ပါတယ်လို့ ကြားထားတယ်လေ။ ဒါနဲ့လဲ လုပ်မှာဖြစ်ရင် ဖြစ်မှာပေါ့” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More