Monday, May 21, 2012

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်

ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ခန့်ကို ရရှိတော့မည် မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အား ဖြတ်တောက်ထားမည် ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ ရက်နေ့မှ စတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျှင် ၆ နာရီ အလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က “မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင် လဲသွားတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေ အမြန်ဆုံး ပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေး ကန့်သတ်ချက် ရှိတဲ့အတွက် လိုအပ်တာထက် ပိုကြာနိုင်ပါတယ်။ ဘယ်လောက်ကြာနိုင်တယ် ဆိုတာတော့ အတိအကျခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေး အဖွဲ့အစည်းပါ။ လျှပ်စစ်ဓာတ်အား ရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကို လခပေးနိုင်မှာပါ။ စောနိုင်သမျှ စောအောင် မီးပြန်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More