Monday, May 21, 2012

စီးပွားရေးပိတ်ဆို့မှုအားဆိုင်းငံ့လိုက်သောကြောင့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စတင်ဆောင်ရွက်


အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့လိုက်သောကြောင့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်း အပါအ၀င် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စတင်ဆောင်ရွက်နေပြီဟု သိရှိရသည်။ “အခု အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ဆိုင်းငံ့တယ်လို့ ပြောပေမယ့် လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ အနေအထား တစ်ခုကို ရောက်သွားပါပြီ။ ဒေါ်လာလွှဲပြောင်းမှုတွေ အားလုံးကို ဘာပြဿနာမှမရှိဘဲ အကုန်လုံး လွှဲပြောင်း လုပ်ကိုင်လို့ ရသွားတဲ့ သဘောပါ။ LC (Letter of Credit) လည်း ဖွင့်လို့ရပါပြီ။ လောလောဆယ် ပြည်တွင်းမှာ ရှိနေတဲ့ AD (Authorized Dealer) လို လိုင်စင်ရဘဏ်တွေက နိုင်ငံခြား ဘဏ်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်လို့ရနေပြီ။ အခုတလောပဲ လုပ်ငန်း သုံးခုလောက်လာပြီး ဆွေးနွေးကြတယ်။ အဲဒီအထဲမှာ ဘီလျံနာတွေလည်း ပါတယ်။ 

 ပြီးတော့ အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေလည်း လာတော့မယ်။ သူတို့အားလုံး ၀င်ချလာပြီဆိုတော့ ဘဏ်လုပ်ငန်းတွေ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေက မူဝါဒမှန်ကန်စွာ ချမှတ်ပြီး လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရော ၀န်ဆောင်မှုလုပ်ငန်းတွေ တော်တော်များများ အရှိန်အဟုန်နဲ့ တိုးတက်သွားနိုင်ပါတယ်” ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။ “အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ သတ္တုတူးဖော်တဲ့ ကဏ္ဍတွေမှာ ၀င်လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ များပါတယ်။ ထုတ်လုပ်မှု ကဏ္ဍမှာတော့ လက်ရှိ အနေအထားမှာလည်း နည်းသေးသလို နောက်ထပ်ဝင်လာမယ့် အပိုင်းမှာလည်း အဲဒီဘက်အပိုင်းမှာ အားနည်းလိမ့်မယ်လို့ သုံးသပ်ကြတယ်။ တစ်ခုစိုးရိမ်တာက Monsanto လို အမေရိကန် အခြေစိုက်ကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ အနေအထားကို သေချာပေါက် သဘောကျမှာ အမှန်ပဲ။ Monsanto  က ပိုးသတ်ဆေးတို့၊ မျိုးစေ့တို့ရောင်းတဲ့ ကုမ္ပဏီတွေပါ။ သူတို့က ဘယ်လောက် သိမ်မွေ့လည်းဆိုရင် သူတို့ဝင်လာလို့ ၀င်လာမှန်းတောင် မသိဘူး။ 

သူတို့ကိုယ်တိုင် မ၀င်ဘဲ သူတို့နဲ့ affiliate လုပ်ထားတဲ့ ကုမ္ပဏီတွေ ၀င်လာနိုင်တယ်။ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဥပဒေက အားနည်းတဲ့ အနေအထားတစ်ရပ်မှာ သေချာပေါက် ၀င်လာမယ့် သဘောမျိုး ရှိပါတယ်။ နောက်တစ်ခုကတော့ ငွေကြေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ၀င်လာမယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းတွေမှာလည်း ၀င်ပြီးမြှုပ်နှံကြမှာပါ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သူ Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။ “မြန်မာနိုင်ငံမှာ လိုအပ်တာနေတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးက ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ natural resources တွေကို value added  လုပ်နိုင်မယ့် စက်မှုလုပ်ငန်းတွေပါ။ ဒါတွေကို ဦးစားပေးနိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲနေတာ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ နည်းပညာပါ။  ICT ကလည်းမရှိလို့ မရပါဘူး။ ဒါတွေကိုလည်း ဦးစားပေးရမယ့် အနေအထားလည်း ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ဦးဆက်အောင်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More