Monday, May 7, 2012

၂၀၀၇ မော်ဒယ်အထက် ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးရန် စီစဉ်

၂၀၀၇ ခုနှစ်မော်ဒယ် အထက်ကားများကို ပါမစ်မလိုဘဲ ကားတင်သွင်းခွင့်ပြုသွားရန် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်း ဖွင့်လှစ်ခွင့်ပြုသည့် အသက်အရွယ်ရောက်ရှိသူ မည်သူ့ကိုမဆို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ထားပါက အဆိုပါ ဘဏ်စာရင်းတွင်ရှိသည့် ပမာဏမှာ ကားတင်သွင်းမှု အတွက် ကိုက်ညီသည့် ပမာဏရှိပါက ကားတင်သွင်းခွင့်ပြုသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ တင်သွင်းရာတွင် ကနဦးအနေဖြင့် ၂၀၀၇ မော်ဒယ်နှင့် အထက်ကားများကို တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အခွန်နှုန်းမှာ လက်ရှိပြည်ပမှ ကားတင်သွင်းရာတွင် ကောက်ခံနေသည့် အခွန်နှုန်းအတိုင်း ကောက်ခံရန် စီစဉ်ထားကြောင်း၊ CIF ဈေးနှုန်းမှာလည်း လက်ရှိ ၂၀၀၇ မော်ဒယ်အထက် ကားဈေးနှုန်းများအတိုင်းသာ သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် စတင်မည်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ပါမစ်မလိုဘဲ ကားတင်သွင်းခွင့်ပေးမည့် အစီအစဉ်၊ Car Showroom နှင့် Car Sale Center များ မည်သို့ရှေ့ဆက် လုပ်ဆောင်ရမည်ဆိုသည့် အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်းနှင့် သတင်းမီဒီယာများအား ရှင်းလင်းမည့် အခမ်းအနားကို ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ ယခုနှုန်းဖြင့် ခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း၌ပင် ကားအစီးရေသိန်းချီကာ တင်သွင်းလာနိုင်ကြောင်း၊ သိန်းနှင့်ချီကာ တိုးပွားလာမည့် ကားအစီးရေဖြင့် ကိုက်ညီသည့်လမ်း၊ ကားပါကင်ကဲ့သို့သော အခြေခံအဆောက်အအုံများ အဆင်သင့်ဖြစ်မဖြစ်ကို မူဝါဒချမှတ်သူများ တွက်ချက် သုံးသပ်သင့်ကြောင်းကိုလည်း လမ်း၊ ကားပါကင်နှင့်ပတ်သက်၍ လေ့လာထားသူများက ပြောကြားခဲ့သည်။
သို့သော် လက်ရှိတွင်မူ လမ်းနှင့် ကားပါကင်အား ဖော်ဆောင်မည့် အခြေအနေ၊ အစီအစဉ်များမှာ တိုးလာမည့် သိန်းဖြင့်ချီနိုင်သည့် ကားအစီးရေအတွက် အချိန်မီလုံလောက်မည့် အနေအထားမရှိနိုင်သေးကြောင်းလည်း သိရသည်။ ကားဝယ်ရောင်းတစ်ဦးမှလည်း "ဒီအစီအစဉ် ဖြစ်လာမယ်ဆိုရင်တော့ အရင်ဆုံးထိမှာက သင်္ဘောသား၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့သူတွေပါ။ အဲဒီနိုင်ငံခြားငွေနဲ့ အခွန်ဆောင်ထားတဲ့ သူတွေက လက်ရှိပါမစ် တစ်စောင်ကို သိန်း ၆၀ လောက်ရတာ။ အခုတော့ အားလုံးနဲ့ တန်းတူဖြစ်သွားတော့ ပါမစ်ကြေး မရတော့ဘူးပေါ့။ ဒါနဲ့ဆက်နွယ်ပြီး ကားဟောင်း ဈေးကလည်း ကျပ်သိန်း ၁၂၀ ၀န်းကျင်လောက်အထိ ကျသွားနိုင်တယ်။ ကားဟောင်းဈေးကတော့ ဒီထက်ပိုပြီး မကျနိုင်ဘူး။ ကားဟောင်းအပ်တဲ့ ပါမစ်နဲ့မှ ၂၀၀၂ ကနေ ၂၀၀၆ မော်ဒယ်အတွင်းက ကားတွေစီးလို့ရမယ်။ ဆိုလိုတာက အများစီးနိုင်တဲ့ ကားတွေက ကားဟောင်းအပ်တဲ့ ပါမစ်နဲ့မှ စီးနိုင်မယ်။ ဒါကြောင့်လည်း ကားဟောင်းပါမစ်ဈေးက အရမ်းထိုးကျစရာ မရှိဘူး။ အခုသွင်းခွင့်ပေးတာက ငွေရှိတဲ့သူ မော်ဒယ်မြင့်သွင်းပြီး စီးဆိုတဲ့ အနေအထား ရောက်သွားလို့ပါ" ဟု သုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More