Monday, May 21, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရန်ကုန်မြို့ရှိ အားကစားကွင်းများနှင့် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ရန်ကုန် - မေ ၁၈ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အားကစားကွင်းများ၊ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေး သည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ(၁) နာရီ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာ ပြည်) တက္ကသိုလ်များ၊ တင်းနစ်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ(၁)နာရီခွဲတွင် ကမာရွတ်မြို့ နယ်ရှိ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ ရန်ကုန်မြို့ တော်ဝန် ဦးလှမြင့်က ခုံးကျော်တံတား တည်ဆောက်ရေး အစီအမံများကို ရှင်းလင်းတင်ပြ သည်။ 



ယင်းနောက် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက် အမှုဆောင် အရာရှိချုပ်က ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွှေဂုံတိုင်လမ်းဆုံ၊ တာမွေလမ်းဆုံနှင့် ဘုရင့်နောင်လမ်း ဆုံ တိုးချဲ့ခြင်းလုပ်ငန်းများ၊ ယာဉ်​​ကြောပိတ်ဆို့မှု လျှော့ချရေးဆောင်ရွက်မည့် လုပ်ငန်းများ နှင့် စပ်လျဉ်း ၍ ဖြည့်စွက် ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အစိုးရသစ် လက်ထက်တွင် ယင်းစီမံကိန်းများကို ပြည့်စုံကောင်းမွန်စွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ဖြစ်သဖြင့် သန့်သန့်ရှင်းရှင်းနှင့် သွားလာရေး အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မော်တော် ယာဉ်များ တဖြည်းဖြည်း များပြား လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်လာနိုင်သဖြင့် ယင်းခုံးကျော် တံတားစီမံကိန်း ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ရန်ကုန် မြို့တော် တစ်ခုလုံး လွှမ်းခြုံနိုင်မည့် Master Plan ပါဝင်သော လမ်းကွန်ရက်စနစ်ဖြင့် ဆက်စပ် ဆောင်ရွက်ကြရန်၊ ပြီးစီးနိုင်မည့် အချိန် ခန့်မှန်းကာလကိုလည်း ပြည်သူအများ သိရှိ နိုင်အောင် အသိပေးသွားရန် လိုကြောင်းဖြင့် ပြောကြားသည်။ လှည်းတန်းခုံးကျော် တံတားမှာ သံမဏိယက်မနှင့် သံကူကွန်ကရစ် ဖြစ်ပြီး လျာထား တံတားအရှည်မှာ (၂၅၀၇)ပေ ဖြစ်သည်။ တံတားအပေါ်ထည်မှာ သံမဏိယက်မနှင့် သံကူ ကွန်ကရစ်ကြမ်းခင်း လက်ရန်း ဖြစ်သည်။ 

ယာဉ်သွားလမ်းအကျယ် (၄၄) ပေ (၈)လက်မ၊ ပလက်ဖောင်း အကျယ် (တစ်ဘက်လျှင်) ၃ ပေစီ၊ တံတားအကျယ် ပေ(၅၀)နှင့် (၈)လက်မ၊ တံတားအောက် ကင်းလွတ် အမြင့် (၁၈)ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် တန်(၆၀) ဖြစ် သည်။ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လမ်းမတော်မြို့နယ်၊ အနော်ရထာ လမ်းနှင့် ကျုံးကြီး လမ်းထောင့်ရှိ အမျိုးသားကြက်တောင် အားကစားခန်းမသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်ဆွေက ကြက်တောင်အားကစား ကွင်းများ၏ အခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကြက်တောင်ကွင်းများကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။ ထို့နောက် ညနေ (၃)နာရီ (၁၀)မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ လူငယ် အားကစား လေ့ကျင့်ရေးစခန်း (သုဝဏ)သို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဘောလုံးကွင်း  အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ဒုတိယသမ္မတသည် အားကစားကွင်းများ တိုးချဲ့ တည်ဆောက်ပြီးစီးမှု၊ အားကစားသမားများ လေ့ကျင့်နေမှုနှင့် ပွဲကြည့်စင်များ၌ တပ်ဆင်မည့် ထိုင်ခုံများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။(သတင်းစဉ်)

Friday, May 18, 2012 - 14:00

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More