ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး
ကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
အချက် ၁၂ ချက်ကို ကျိုင်းတုံမြို့ ကြိဂံတိုင်းစစ်ဌာနချူပ်တွင် မေလ ၁၉
ရက်နေ့က သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ
ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်
(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းက ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုဝန်ကြီး
ဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်
ဦးစ၀်အောင်မြတ်၊ ဗိုလ်ချုပ်စိုးထွဋ်၊ ဗိုလ်ချုပ်သန်းထွန်း၊
ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး
အောင်သူတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ်က ဦးဆောင်ပြီး ဦးတင်ခေး၊ ဦးစ၀်ခွန်ဆိုင်း၊ ဦးအောင်မောင်း၊
ဦးစ၀်ဟန်ယောင်ဟွေ၊ ဦးဘောင်ခေး၊ ဦးစိုင်းလူး၊ ဦးအောင်တိန်း၊ ဦးစ၀်ပင်ခမ်း၊
ဦးစ၀်ခွန်မိဏ်း၊ ဦးစိုင်းငင်း၊ ဦးစိုင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။
''ထာဝရငြိမ်းချမ်းရေး အတွက် နောက်ဆုံးအဆင့် ပြည်ထောင်စုလွှတ်တော်၌
နိုင်ငံတော်သမ္မတကြီး အမိန့်ရှိသကဲ့သို့ Political Player များနှင့်
အချိန်တိုအတွင်း စုံစုံညီညီ သဘောတူ လက်မှတ်ရေးထိုးနိုင်မယ်လို့
ယုံကြည်မျှော်လင့်လျက် ပွင့်လင်းမြင်သာတဲ့၊ ပရိယာယ်မရှိသည့် နှစ်ဘက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက်
ဆွေးနွေးသွားကြမည် ဖြစ်ပါတယ်'' ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးရာတွင်
ထည့်သွင်းပြောကြားခဲ့ပါသည်။ ''ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက်
ဆွေးနွေးလာတာဟာ ပြည်ထောင်စုအဆင့် ဆိုရင်ပဲ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခု
ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမှာကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အဘက်ဘက်နဲ့ လက်တွဲ
ပူးပေါင်းပြီး မဆောင်ရွက်ရင် ဒီမူးယစ်ဆေးဝါးဆိုတာ ပပျောက်သွားမှာ
မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြရမှာ
ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးဟာ အင်မတန်မှ အရေးကြီးတဲ့အချက်
ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုတွေရဲ့ ဘ၀ကို
မြှင့်တင်ပေးရေး၊ ပြုစုပျိုးထောင်ပေးရေး ကိစ္စများနဲ့၊ မူးယစ်ဆေးဝါး
တိုက်ဖျက်သွားမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေအတွက်
ဘိန်းအစားထိုး စိုက်ပျိုးဖို့ ဘယ်လိုနည်းပညာတွေ ပေးရမလဲ။ ဘယ်လိုဈေးကွက်
ရှာပေးရမလဲ။ ဘယ်လိုပြုစု ပျိုးထောင်ပေးရမလဲဆိုတာ အဓိကကျတဲ့ အချက်တွေ
ဖြစ်ပါတယ်'' ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး
ရွက်ဆစ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven
ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 comments:
Post a Comment
ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...