Monday, May 21, 2012

လက်ရှိချထားပေးနေသော ဖုန်းလိုင်းများကို ငွေလွှဲပြောင်းနိုင်ရန် စီစဉ်ပေးမည်


မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းလိုင်းအဖြစ် ချထားပေးနေသည့် ၂သိန်းတန် GSM ဖုန်းလိုင်းများနှင့် ၂သိန်းခွဲတန် WCDMA ဖုန်းလိုင်းများကို အချင်းချင်း ငွေကြေးလွှဲပြောင်းပေးနိုင်ရန် စီစဉ်ပေးသွားမည်ဟု သိရသည်။ “၇၃ ဖုန်းတွေမှာရတဲ့ဟာကို အခုဖုန်းတွေလည်း ရအောင်လုပ်ပေးမယ်။ ဖုန်းလိုင်းတွေက အတူတူပဲ ဖြစ်ရမယ်။ အခုက စက်မှုပိုင်းဆိုင်ရာတွေ တပ်ဆင်နေလို့၊ နောက်ပိုင်းရအောင် လုပ်ပေးမယ်” ဟု မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။ ၇၃ နှင့်စတင်သည့် ၅ သိန်းတန် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်း များသည် မျိုးတူမိုဘိုင်းဖုန်းလိုင်းများ အချင်းချင်း ငွေကျပ် ၁ သိန်းအထိ ဘီလ်စနစ်ကို လွှဲပြောင်း အသုံးပြုနိုင်ကြခဲ့ပြီး လက်ရှိ ချထားပေးနေသည့် မိုဘိုင်းဖုန်းလိုင်းများ၌ အဆိုပါကဲ့သို့ လွှဲပြောင်း အသုံးပြုနိုင်သော ဘီလ်စနစ် ပါဝင်သေးခြင်း မရှိပေ။ ဘီလ်စနစ် လွှဲပြောင်းအသုံးပြုနိုင်ခြင်းဖြင့် ကြိုတင်ငွေဖြည့်ကတ် ဝယ်ယူရန် ခက်ခဲသော နေရာများ၌ ဘီလ်စနစ် ဖြည့်သွင်းရန် အဆင်ပြေစေနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါကဲ့သို့ မိုဘိုင်းဖုန်းများအကြား ငွေကြေးလွှဲပြောင်း ပေးနိုင်သော စနစ်ကို လက်ရှိချထားပေးနေသည့် မိုဘိုင်းဖုန်းလိုင်းများ၌ အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း စတင်အသုံးပြုနိုင်မည့် အချိန်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ မိုဘိုင်းဖုန်းများအကြား ငွေကြေးလွှဲပြောင်း အသုံးပြုနိုင်သည့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းများအတွက် အချို့သော ဈေးဝယ်စင်တာများနှင့် ဟန်းဆက်အရောင်းဆိုင်များသည် ခဲခြစ်ငွေဖြည့်ကတ်များကို အသုံးပြုခြင်းမရှိဘဲ အသုံးပြုလိုသည့် ဖုန်းနံပါတ်များဆီသို့ ဘီလ်စနစ် ငွေကြေးကိုသာ လွှဲပြောင်း ဝန်ဆောင်ပေးကြကြောင်း၊ အဆိုပါကဲ့သို့ ဝန်ဆောင်မှု ပြုလုပ်ပေးခြင်းသည် ကုဒ်နံပါတ်များ ရိုက်သွင်းရာ၌ ဖြစ်ပေါ်တတ်သည့် အမှားအယွင်းများကိုလည်း လျော့ကျစေကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More