Tuesday, May 22, 2012

အမေရိကန်နိုင်ငံထုတ် ဘက်စုံသုံးလေယာဉ်အား အရေးပေါ်လူနာတင်ရန် စင်းလုံးငှားခြင်းအပြင် အခြား လုပ်ငန်းများအတွက် ငှားရမ်းအသုံးပြုနိုင်


 မြန်မာ့လေကြောင်းက တောင်အာဖရိကမှ ဝယ်ယူထားသည့် အမေရိကန်နိုင်ငံထုတ် ဘက်စုံသုံးလေယာဉ်ကို အရေးပေါ်လူနာတင်ရန် စင်းလုံးငှားခြင်းများအပြင် အခြားလုပ်ငန်းများအတွက် ငှားရမ်းအသုံးပြုနိုင်ပြီး ဖြစ်ကြောင်း ၁၆-၅-၂၀၁၂ ရက်က သိရသည်။ “ဘက်စုံသုံးလေယာဉ်ကို နိုင်ငံတော်ပိုင်ကဏ္ဍအပြင်၊ ပုဂ္ဂလိက လုပ်ငန်းတွေကလည်း ငှားရမ်းနိုင်ပါတယ်။ ငှားရမ်းမှုပြုရာမှာ အရေးပေါ်လူနာတွေအတွက် စင်းလုံးငှားတာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ ရေနံတူးဖော်ရေးလုပ်ငန်း စတာတွေမှာ ငှားရမ်းနိုင်ပါတယ်” ဟု မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

၎င်းဘက်စုံသုံးလေယာဉ် ငှားရမ်းခနှုန်းထားမှာ အမေရိကန် ဒေါ်လာ ၁၆၀၀ ဖြစ်ပြီး မြန်မာ ကျပ်ငွေဖြင့်လည်း ပေးချေနိုင်ကြောင်း၊ မြန်မာကျပ်ငွေဖြင့် ပေးချေရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း အမေရိကန်ဒေါ်လာ ၁၆၀၀ နှင့် ညီမျှသည့်ငွေကို ပေးချေရမည်ဖြစ်ကြောင်း၊ ၎င်းငှားရမ်းခ အမေရိကန်ဒေါ်လာ ၁၆၀၀ မှာ အသွားအပြန်အပြင် စောင့်ဆိုင်းချိန် အပါအဝင် စုစုပေါင်း သုံးနာရီ အသုံးပြုနိုင်ကြောင်း၊ ၎င်းသုံးနာရီထက် ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏ ၃၀ ရာခိုင်နှုန်းကို ထပ်မံပေးချေရမည်ဖြစ်ကြောင်း၊ ထိုဘက်စုံသုံး လေယာဉ်များကို ငှားရမ်းအသုံးပြုလိုသူများသည် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းသို့ ဆက်သွယ်ငှားရမ်းနိုင်ကြောင်း၊ ဘက်စုံသုံးလေယာဉ်မှာ ခရီးသည် ၁၉ ဦးဆန့်ပြီး မြန်မာနိုင်ငံသို့ မတ်လကုန်ပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More