Monday, August 20, 2012

ပါတီအတွင်း ဒီမိုကရေစီ မရှိသဖြင့် NLD ပါတီဝင်များ ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD တွင် ခရိုင်/မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ ပါတီဝင်တချို့က ယနေ့ မွန်းလွှဲပိုင်း၌ ပါတီရုံးရှေ့တွင် ဆန္ဒပြကြသည်။

တနင်္သာရီတိုင်းဒေသကြီး NLD အနေဖြင့် ပါတီညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုပြီး မကျေ နပ်မှုများ ဖြစ်ပွားခဲ့ရာမှ ယင်းကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် NLD ဥက္ကဌ ဦးမြင့်မောင်က ပြောသည်။

ဦးမြင့်မောင်က “ဒီညီလာခံလုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဘဲ သူတို့လိုလားတဲ့ လူလောက်နဲ့ပဲ ဖွဲ့ခဲ့ပြီးတော့ အကောင်အထည် ဖေါ်တဲ့အပေါ် မကျေနပ်ဘူး။ အဖွဲ့ဝင်ဟောင်းတွေ ၉၀ပြည့်နှစ်က လုပ်လာတဲ့ လူဟောင်းတွေ မပါဘူး။ အဖွဲ့ဝင်တောင် မကျသေးဘူးဗျာ။ ဖေါင်တင်ထားတဲ့သူတွေနဲ့ အဲဒီလူတွေနဲ့ ဖွဲ့စည်းတယ်”ဟု ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ဦးဆောင်ပြီး ပါတီဝင်အင်အား ၅၀ဦးဝန်းကျင် ပါဝင်သည်ဟု သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ညီလာခံ ကျင်းပရေး ကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုပြီး ပါတီဝင်အချို့ ဆန္ဒပြမှုတစ်ရပ်လည်း ယခုလ၏ မကြာသေးမီ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သေးသည်။

1 comments:

နွားလားဥသဖ ရှေ့ကသွားမြောက် ခရီးကောက်သော် နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏။

ကောက်ကောက်မကြိုက် လူတစ်သိုက်မှာ ဖြောင့်စွာလမ်းမှန် ရွေးချယ်ပြန်သည် ...အော်..ဒီမိုကရေစီ။

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More