Monday, August 20, 2012

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေ

တပ်မတော်သားများမှ အကူအညီပေးနေမှု

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းတွင် ဖော်ပြထားပါသည်။ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Environment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါအခမ်းအနားတွင် “ဂျာမန်စောင့်ကြည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အန္တရာယ် အညွှန်းကိန်းမှ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့် နိုင်ငံများတွင် ထိပ်ဆုံးမှ သုံးနိုင်ငံအတွင်း ပါဝင်နေသည်ဟု ဆိုပါသည်” ဟု မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းကို ပြောကြားရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အာရှဖွံ့ဖြိုးမှုဘဏ်မှလည်း အရှေ့တောင် အာရှဒေသ (အထူးသဖြင့် မြန်မာနိုင်ငံ)သည် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လိုအပ်သည့် ဒေသများတွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားသည်ဟု အဆိုပါ စစ်တမ်းတွင် ရေးသားထားသည်။ ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့် နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဒုတိယနေရာတွင် မြန်မာနိုင်ငံမှ ရပ်တည်နေခြင်း ဖြစ်သည်။ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ခြောက်နိုင်ငံဖြင့် အများဆုံး ပါဝင်နေပြီး အမေရိက အလယ်ပိုင်းမှ နှစ်နိုင်ငံ၊ ကာရေဘီယံကျွန်းစုမှ နှစ်နိုင်ငံ ပါဝင်ကြောင်း သိရသည်။ ယခု ၂၀၁၂ ခုနှစ် မိုးစပါးစိုက် ရာသီတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရသည့် အနေအထားရှိနေကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ဆိုးရွားစွာမိုးခေါင်မှုဒဏ်ကြောင့်စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်လျက်ရှိပြီး မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်ပြည်နယ်တို့တွင်မူ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းသည့်ဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More