Monday, August 20, 2012

မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ဟ အေဒီဘီ ဟောကိန်းထုတ်

မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်လာနိုင်ပြီး အနာဂတ်မှာ အလယ်အလတ် ၀င်ငွေရှိတဲ့ အာရှမှာ စီးပွားရေး ထွန်းတောက်လာမယ့် နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ဟောကိန်း ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာနဲ့ ပတ်သက်လို့ အေဒီဘီက လေ့လာပြုစုပြီး ဒီနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး – အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ MYANMAR IN TRANSITION: OPPORTUNITIES AND CHALLENGES လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မှာ ခုလို ဖော်ပြထားတာပါ။

အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ နှစ်စဉ် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းထိ တိုးလာနိုင်တဲ့ အကြောင်း ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် စိန်ခေါ်မှုတွေကို ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်လုပ်ခြင်းဖြင့် ကျော်လွှား နိုင်မယ်ဆိုရင် အလယ်အလတ် ၀င်ငွေရှိတဲ့ နိုင်ငံဖြစ်လာမှာ ဖြစ်ပြီး လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ တဦးချင်း ၀င်ငွေ ၃ ဆ တိုးနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက်မှုဟာ အခုနှစ် ၂၀၁၂ – ၁၃မှာ ၆ ရာခိုင်နှုန်း တိုးတက်ဖို့ ရှိပြီး ၂၀၁၃ – ၁၄ မှာ ၆ ဒဿမ ၃ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းသွားပြီး ဘဏ္ဍာရေး လိုငွေပြမှုဟာလည်း ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းကေန ၆ ရာခိုင်နှုန်းထိ ထိန်းသိမ်း ထားနိုင်တယ်လို့  အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အေဒီဘီရဲ့ အရှေ့ အာရှဆိုင်ရာ ဒု – ဥက္ကဌ စတီဖန်ဂရော့ဖ်က “မြန်မာနိုင်ငံဟာ မဟာဗျူဟာ အချက်အချာ ကျတဲ့နေရာမှာ တည်ရှိပြီး သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝမှုနဲ့ လုပ်အား အလျှံအပယ်ရှိမှုက အာရှရဲ့ စီးပွားရေးတိုးတက်မှု ကနေ ကြွယ်ဝချမ်းသာဖို့ ပြည့်စုံတဲ့ အနေအထားမှာ ရှိနေတယ်။ မြန်မာဟာ အာရှမှာ နောက်ထပ် ထွန်းတောက်လာမယ့် ကြယ်တပွင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးကို အခိုင်အမာသံန္နိဌာန် ချလုပ်ဖို့ လိုအပ်တယ်” လို့  အင်တာနက် စာမျက်နှာမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်တွေက တဦးချင်းဝင်ငွေဟာ ဒေသတွင်းမှာ အမြင့်ဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး ဒီကနေ့တော့ အရှေ့တောင်အာရှမှာ တဦးချင်း ဂျီဒီပီ အနိမ့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ၄ ယောက်မှာ တယောက်ဟာ ဆင်းရဲနေပြီး ဆင်းရဲသား ၈၄ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေးဟာ အဓိက စီးပွားရေးဖြစ်ပြီး လုပ်သားအင်အားစုရဲ့ တ၀က်လောက်ဟာ လယ်ယာ ကဏ္ဍမှာ လုပ်ကိုင်ကြပြီး ဂျီဒီပီရဲ့ ၃၆ ရာခိုင်နှုန်း ရှိပါတယ်။

တိုင်းပြည်ရဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ လုံလုံလောက်လောက် ဖန်တီးပေးဖို့ နဲ့ မြို့ပြလူဦးရေ တိုးပွားလာဖို့၊ စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးကို ကျော်လွန်ပြီး ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတွေကို ချဲ့ထွင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ သစ်တောတွေ၊ ပင်လယ်ကမ်းခြေတွေနဲ့ တောင်တန်းတွေဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ အလားအလား ရှိနေတဲ့အကြောင်း၊ ၂၀၁၀ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၈ သိန်းအောက်ပဲ လာရောက်တယ်လို့ ဆိုပါတယ်။

အစိုးရဖွဲ့စည်းပုံ အားနည်းပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု မရှိတဲ့အကြောင်း၊ အစိုးရ ပိုင်ဆိုင်မှုတွေ လျှော့ချပြီး ထုတ်လုပ်ရေးကို ထိန်းကျောင်းနိုင်ရင် တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလှုံ့ဆော်နိုင်လိမ့်မယ်လို့ အကြံပေးထားပါတယ်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှာ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက် အေဒီဘီရဲ့ ပထမဆုံး အကဲဖြတ်ချက် အစီရင် ခံစာဖြစ်ပါတယ်။

အေဒီဘီဟာ ရန်ကုန်မှာ မကြာသေးခင်က ရုံးခန်းဖွင့်လှစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကတည်းက ရပ်ထားတဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ပြန်စနိုင်ဖို့ လေ့လာနေပါတယ်

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More