Monday, August 20, 2012

နိုင်ငံခြားငွေ လုပ်ငန်းကို ပုဂ္ဂလိကဘဏ်သုံးခု ထပ်မံလုပ်ကိုင်ခွင့် ရတော့မည်


နိုင်ငံခြားငွေ လဲလှယ်ခွင့်လုပ်ငန်းကို ပြည်တွင်းပုဂ္ဂလိက ဘဏ်သုံးခုကို ထပ်မံ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် အဆိုပါ နိုင်ငံခြားငွေ လုပ်ကိုင်ခွင့် Authorized Dealer License ကို ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၁ ခုမှ လုပ်ကိုင်ခွင့် ရရှိထားရာမှ ယခုအခါ ယင်းကဲ့သို့ ဘဏ်သုံးခုကို ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ “AD လိုင်စင်တွေကို များများချပေးပြီး လုပ်ကိုင်ခွင့်ပေးရင် ပိုကောင်းတာပေါ့။ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် မရသေးတဲ့ဘဏ် အနည်းငယ် ရှိပေမယ့် မကြာမီမှာ ပြည်တွင်းပုဂ္ဂလိက ဘဏ်အားလုံး လုပ်ကိုင်ခွင့် ရသွားပါလိမ့်မယ်။ အထူးသဖြင့် သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီရင် လုပ်ကိုင်ခွင့်ရကြတာ ပိုမြန်တာပေါ့။ အခုဆိုရင်လဲ နောက်ထပ် ဘဏ်သုံးခုကို လုပ်ကိုင်ခွင့် ပေးတော့မယ်ဆိုတော့ ကောင်းပါတယ်” ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောသည်။ သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးကော်မတီဥက္ကဋ္ဌ သီရိပျံချီ ဦးအောင်သောင်းနှင့် ပုဂ္ဂလိကဘဏ်များ တွေ့ဆုံပွဲတွင် ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌဒေါက်တာစိန်မောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် AD လိုင်စင် လုပ်ကိုင်ခွင့်လုပ်ငန်းများ အပါအဝင် အခြားဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ “လောလောဆယ်မှာ လိုင်စင်တော့ မရကြသေးဘူး။ ချပေးဖို့ရှိတယ်လို့ ကြားရတယ်။ AD လိုင်စင်ကို ကျန်တဲ့ဘဏ်တချို့က လုပ်ကိုင်ခွင့် မရသေးတဲ့အတွက် ထပ်ချပေးဖို့ တင်ပြခဲ့တဲ့အတွက် ယခုလို စိစစ်ပြီး ချပေးတာဖြစ်ပါတယ်” ဟု ယင်းက ပြောကြားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ငွေကြေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကို ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခုကို လုပ်ကိုင်လျက်ရှိပြီး AD လိုင်စင်ဖြင့် နိုင်ငံခြားငွေလုပ်ငန်းကို ဘဏ် ၁၁ ခုက လုပ်ကိုင်လျက်ရှိရာ ယခုအခါ အဆိုပါ နိုင်ငံခြားငွေလုပ်ငန်းကို ဘဏ်သုံးခုက ထပ်မံလုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။ ကျန်ပုဂ္ဂလိကဘဏ် ငါးခုကလည်း အဆိုပါ နိုင်ငံခြားငွေ လုပ်ငန်းကို တစ်ချိန်ချိန်တွင် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ တရားဝင် လဲလှယ်ခွင့်ပြုထားသော နိုင်ငံခြားငွေများအနက် ဘတ်ငွေကိုပါ တရားဝင် လဲလှယ်ခွင့် လုပ်ကိုင်နိုင်ရေး ကိစ္စကိုပါ ဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More