Monday, August 20, 2012

သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ်စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကိုထုတ်/တင်စနစ်သို့ ပြောင်းလဲ


လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင် စနစ်သို့ြေ ပာင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များ အပါအ၀င် တင်/ထုတ် စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ် အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင် စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ပြောင်းလဲလိုက်သည့် အကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထုတ်/တင် စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေး ဂျာနယ် (ဂမ္ဘီရ အပါအ၀င်)၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ (ဂမ္ဘီရ အပါအ၀င်)၊ ၀တ္ထုစာမူများ၊ နိုင်ငံရေးဆိုင်ရာ စာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ (ဂမ္ဘီရ အပါအ၀င်)၊ သမိုင်းအထ္ထုပ္ပတ္တိဆိုင်ရာ စာမူများ၊ ပြက္ခဒိန် ပိုစတာ၊ သ၀ဏ်လွှာ၊ ကဗျာ(လုံးချင်း) တေးသီချင်း၊ သံရုံစာပေအားလုံးသည် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်ဝေပြီးမှသာ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ကျင့်သုံးနေသော စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ဆောင်ရွက်ခဲ့ပါသည်။

ပထမအဆင့် ဆောင်ရွက်မှုတွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားစသည့် ဘာသာရပ်များအား ထုတ်/တင် စနစ်သို့ စတင် ပြောင်းလဲခဲ့ပါသည်။ ထို့နောက် ဒုတိယအဆင့် အနေဖြင့် ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင် စနစ်သို့ ထပ်မံ ပြောင်းလဲခဲ့ပါသည်။ တတိယအဆင့် ပြောင်းလဲခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ဆောင်ခဲ့ပြီး ပညာရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။ စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီးနောက် သတင်းဂျာနယ်၊ ဘာသာရေးဂျာနယ်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများမှာ တင်/ထုတ် စနစ်ဖြင့် ဆက်လက်ရှိနေခဲ့ပြီးနောက် ယခုတစ်ကြိမ် ပြောင်းလဲမှုတွင် ထုတ်/တင် စနစ်သို့ သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့အတွက် ကြောင့် လက်ရှိ စာပေလောကအတွင်း ထုတ်ဝေနေသော မဂ္ဂဇင်း/ဂျာနယ် အားလုံးမှာ ထုတ်/တင်စနစ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၅၄(က) အရ နိုင်ငံသားများအား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့် ပေးအပ်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
(news-eleven.com)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More