Friday, February 24, 2012

လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံမှစောင့်ကြည့် လေ့လာသူများ ခွင့်ပြုသွားရန် အလေးထား စဉ်းစားမည်

ဧပြီလ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဆီယံနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုပေးသွားရန် အလေးထား စဉ်းစား သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့သော အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ "ကျွန်တော်တို့အနေနဲ့ ဧပြီမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုပေးဖို့ အလေးအနက်ထား စဉ်းစားသွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်နှင့် နိုင်ငံတကာမှ လက်ခံလေးစားနိုင်လောက်သည့် အနေအထား မျိုးဖြစ်အောင် ဆောင်ရွက်သွားမည် ဟုလည်း အာဆီယံ အတွင်းရေးမှူး ချုပ်နှင့် တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အနာဂတ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှု အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့၏ အနာဂတ် ရည်မှန်းချက် များကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ အတွင်းရေးမှူးချုပ်နှင့် နာရီဝက်ကြာ တွေ့ဆုံမှုတွင် ပြောဆိုခဲ့သည်။ "ကျွန်တော်တို့ရဲ့ ဦးစားပေး ရည်မှန်းချက်ကတော့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ပါပဲ။ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံအတွင်းမှာပဲ အလုပ်အကိုင်ရရှိနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆန်စပါးအထွက်တိုးဖို့ ကျွန်တော်တို့ သေသေချာချာ ဂရုတစိုက် လုပ်ကိုင်ရမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ ဒီဒေသကို တိုးတက်အောင် လုပ်ဆောင်ရပါလိမ့်မယ်။ နိုင်ငံအတွက် ဆန်အလုံအလောက် စိုက်ပျိုးထုတ်လုပ်ပေးနိုင်ရုံမက နိုင်ငံတကာကိုလည်း တင်ပို့နိုင်တဲ့အထိ ကြိုးစားသွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်ပြီး ရေနက်ဆိပ်ကမ်း အစီအစဉ်များ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မှုများနှင့် ပတ်သက်ပြီးလည်း အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် ခေါင်းဆောင်သော အဖွဲ့ဝင်များသည် လေးရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာရယူပြီးနောက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းဆောင်တာများအတွက် ပြင်ဆင်မှုတွင် ကူညီရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More