Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Monday, May 21, 2012

ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ


ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
"ကျွန်တော်တို့ မနက်ပိုင်း ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၂ နာရီလောက်အထိ ကျွန်တော်တို့ အလွတ်သဘော တွေ့ကြတာပါ။ တမနက်လုံးလို့ ပြောလို့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆွေးနွေးတယ်။ ထပ်ပြီးတွေ့ကြဖို့ကို သဘောတူတယ်။ အဲတာပါပဲ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ရှေ့လုပ်ငန်း အစီအစဉ်တွေကို အဓိက ပြောဆိုတာပါ"
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နှစ်ဘက်လုံးက ပြောဆိုခြင်း မပြုပါဘူး။ ဆွေးနွေးပွဲမှာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာခွန်းအောင်တို့ ပါဝင်ကြောင်း သိရပါတယ်။
RFA-Burmese

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၁၂ ချက်ကို သဘောတူလက်မှတ်ရေးထိုး


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် ၁၂ ချက်ကို ကျိုင်းတုံမြို့ ကြိဂံတိုင်းစစ်ဌာနချူပ်တွင် မေလ ၁၉ ရက်နေ့က သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းက ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ဗိုလ်ချုပ်စိုးထွဋ်၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး အောင်သူတို့ တက်ရောက်ခဲ့ကြသည်။

 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဦးဆောင်ပြီး ဦးတင်ခေး၊ ဦးစ၀်ခွန်ဆိုင်း၊ ဦးအောင်မောင်း၊ ဦးစ၀်ဟန်ယောင်ဟွေ၊ ဦးဘောင်ခေး၊ ဦးစိုင်းလူး၊ ဦးအောင်တိန်း၊ ဦးစ၀်ပင်ခမ်း၊ ဦးစ၀်ခွန်မိဏ်း၊ ဦးစိုင်းငင်း၊ ဦးစိုင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။ ''ထာဝရငြိမ်းချမ်းရေး အတွက် နောက်ဆုံးအဆင့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတကြီး အမိန့်ရှိသကဲ့သို့ Political Player များနှင့် အချိန်တိုအတွင်း စုံစုံညီညီ သဘောတူ လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ပွင့်လင်းမြင်သာတဲ့၊ ပရိယာယ်မရှိသည့် နှစ်ဘက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ပါတယ်'' ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ''ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာတာဟာ ပြည်ထောင်စုအဆင့် ဆိုရင်ပဲ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမှာကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ အဘက်ဘက်နဲ့ လက်တွဲ ပူးပေါင်းပြီး မဆောင်ရွက်ရင် ဒီမူးယစ်ဆေးဝါးဆိုတာ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးဟာ အင်မတန်မှ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုတွေရဲ့ ဘ၀ကို မြှင့်တင်ပေးရေး၊ ပြုစုပျိုးထောင်ပေးရေး ကိစ္စများနဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်သွားမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေအတွက် ဘိန်းအစားထိုး စိုက်ပျိုးဖို့ ဘယ်လိုနည်းပညာတွေ ပေးရမလဲ။ ဘယ်လိုဈေးကွက် ရှာပေးရမလဲ။ ဘယ်လိုပြုစု ပျိုးထောင်ပေးရမလဲဆိုတာ အဓိကကျတဲ့ အချက်တွေ ဖြစ်ပါတယ်'' ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More