Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Monday, May 21, 2012

ရန်ကုန်မြို့ရှိ ကျောင်းခုနှစ်ကျောင်းမှ ကျောင်းသားများအတွက် ASEAN Scholarship 2012 ပေးအပ်မည်

Sunway University(Malaysia) နှင့် ECM Libra Foundation တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ကျောင်းသားများအား ASEAN Scholarship 2012 ကို Fully Scholarship ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း Smart Resources WorldWide Education Co.,Ltd မှ သိရသည်။ အဆိုပါ ပညာသင်ဆုအတွက် ကျောင်းသား ၃ ဦးသား ပေးအပ်မည်ဖြစ်ပြီး ပညာသင်ဆုကို Smart Resources WorldWide Education Co.,Ltd တစ်ခုတည်းမှသာ လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုမှာ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်နှင့် လေယာဉ်လက်မှတ် အသွားစရိတ်များ အားလုံးကို ပေးအပ်မည်ဖြစ်ပြီး ပညာသင်ဆု ပေးအပ်မည့်နှစ်မှာ မိမိရွေးချယ်သော ဘာသာရပ်အပေါ် မူတည်ပြီး စာသင်နှစ်အားလုံးကို ပေးအပ်မည်ဖြစ်သည်။ “ပညာသင်ဆုကို ၁၆ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူတွေ လျှောက်ထားနိုင်ပါတယ်။ တက္ကသိုလ် ဝင်တန်းကိုလည်း အောင်မြင်ထားရပါမယ်။
 
ပညာရေးပိုင်းမှာ အရမ်းကို ထူးချွန်တဲ့သူ ဖြစ်ရမှာ ဖြစ်တဲ့အပြင် ငွေကြေးအနေနဲ့ တကယ်ကို ချို့တဲ့တဲ့ ကျောင်းသားတွေကိုပဲ ရွေးချယ်မှာပါ။ ဒါကလည်း Fully Scholarship ဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ စာသင်နှစ်တွေတိုင်းကို အမှန်တကယ်ကို ကြိုးစားရမှာပါ။ ပညာသင်ဆုရရှိပြီး စာမလိုက်နိုင်တာမျိုးတွေ၊ သတ်မှတ်ထားတဲ့ စံချိန်တွေထက် အမှတ်တွေ ကျဆင်းတာမျိုးတွေဆိုရင် ပညာသင်ဆုကို ပြန်လည်ရုပ်သိမ်းမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲလိုအခါမျိုးတွေမှာ ပညာသင်ဆုပေးတဲ့ Foundation အတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ 
 
ECM Libra Foundation အနေနဲ့လည်း Fully Scholarship ပေးထားတဲ့အတွက် ကျောင်းသားဘက်ကနေ လုပ်ငန်းခွင်မှာ ပြန်လည်လုပ်ကိုင် ပေးရတာမျိုးတွေ မရှိပါဘူး။ ကျောင်းပြီးဆုံးသွားတာနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခွင့်ရှိမှာပါ” ဟု Smart Resources မှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောသည်။ ၄င်းပညာသင်ဆုအား အ.ထ.က(၂) ကမာရွတ်၊ အ.ထ.က(၂) စမ်းချောင်း၊ အ.ထ.က(၁) တာမွေ၊ အ.ထ.က(၂) တာမွေ၊ အ.ထ.က(၆) ဗိုလ်တထောင်၊ အ.ထ.က(၂) မရမ်းကုန်း၊ အ.ထ.က(၂) လမ်းမတော်တို့မှ ကျောင်းသားများသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ကျောင်းတစ်ကျောင်းလျှင် ကျောင်းသား ၅ ဦးခန့် ပါဝင်လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More