Showing posts with label လျှပ်စစ်နှင့်ဆိုင်သော. Show all posts
Showing posts with label လျှပ်စစ်နှင့်ဆိုင်သော. Show all posts

Wednesday, May 23, 2012

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ် ရှိဟုဆို


မန္တလေး၊ မေ ၂၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံနှစ်ရုံ ပြီးစီးပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီရောက်တိုင်း၂၄နာရီ လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနုဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီးလျှပ်စစ်နှင့် စက်မှုရေးရာဝန်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအ၀င်မန္တလေး မြို့ခံများတက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ လာမည့် သုံးနှစ်အတွင်းနှင့် ကျောက်မီးသွေးစက်ရုံမှာ နောက် ၁ နှစ်အကြာတွင် တည်ဆောက်မှု ပြီးစီးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

မန္ဘလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြို့ခံအများအပြားမှာ မေလ ၂၁ (ယနေ့)တွင်ပါ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။
မန္တလေးမြို့တော်တွင် မြို့ခံများ စတင်ဆန္ဒပြခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ၇၈ လမ်းမှ ၂၆ လမ်းဆုံအထိ လျှပ်စစ်မီးများလင်းထိန်နေသည်ကို တွေ့ရပြီး မေလ ၂၁ ရက်(ယနေ့)တွင်မူ ၇၃ လမ်းမှ ၂၆x ၆၉ လမ်းအထိ လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။

Monday, May 21, 2012

ရွှေလီ-မန်စံ ဓါတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်သွားမည်

ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရန်ကုန်မြို့အတွင်းရှိ စက်မှုဇုန်များအားလုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး အများပြည်သူကိုလည်း မေလ ၂၁ ရက်နေ့မှ စတင်ကာ အလှည့်ကျ မီးပေးစနစ်ဖြင့် မီးပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကြားရှိ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် မေလ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ခန့်ကို ရရှိတော့မည် မဟုတ်သဖြင့် မေလ ၁၉ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံး ဓာတ်အား ဖြတ်တောက်ထားမည် ဖြစ်ကြောင်းနှင့် အများပြည်သူအား မေလ ၂၁ ရက်နေ့မှ စတင်ကာ အုပ်စု ၃စုခွဲကာ ၁အုပ်စုလျှင် ၆ နာရီ အလှည့်ကျ ဓာတ်အားဖြတ်တောက်ပြီး ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ဆက်လက်ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က “မိုင်းခွဲခံရတဲ့အတွက် တာဝါတိုင် လဲသွားတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ရှိသူတွေ အမြန်ဆုံး ပြန်လည်ပြုပြင်သွားပါမယ်။ အခုဖြစ်တဲ့နေရာက လုံခြုံရေး ကန့်သတ်ချက် ရှိတဲ့အတွက် လိုအပ်တာထက် ပိုကြာနိုင်ပါတယ်။ ဘယ်လောက်ကြာနိုင်တယ် ဆိုတာတော့ အတိအကျခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်တော်တို့အဖွဲ့က အစိုးရဆီကနေ လျှပ်စစ်ဓာတ်အားကိုဝယ်ပြီး အများပြည်သူကို လျှပ်စစ်ပြန်လည်ရောင်းချပေးရတဲ့ စီးပွားရေး အဖွဲ့အစည်းပါ။ လျှပ်စစ်ဓာတ်အား ရောင်းချလို့ရမှ ကျွန်တော်တို့ ၀န်ထမ်းတွေကို လခပေးနိုင်မှာပါ။ စောနိုင်သမျှ စောအောင် မီးပြန်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အရေးပေါ်လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေး မီးပေးနိုင်ရန် မီးစက်များထားရှိ


အရေးပေါ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာ ၈ နေရာတွင် လုံခြုံရေးမီး၊ လမ်းမီးများ ပေးနိုင်ရန် မီးစက်များထားရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ အရေးကြီးနေရာများကို အုပ်စုသီးခြားသတ်မှတ်ကာ လျှပ်စစ်မီး ပေးသွားမည် ဖြစ်သော်လည်း လူစည်ကားရာနေရာများတွင် အရေးပေါ် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာပါက ချက်ချင်းမီးပြန်ပေးနိုင်ရန် မီးစက်ကြီးများကို ထားရှိစီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 ''အရေးကြီးနေရာတွေ ဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ရဲစခန်း၊ လေဆိပ်၊ ဘူတာကြီးတွေကို ၂၄ နာရီ လျှပ်စစ်မီးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဓာတ်အားပေးတဲ့အခါမှာ အရေးကြီးတဲ့ နေရာတွေကို မီးပေးထားမှာ ဖြစ်သော်လည်း မီးပွိုင့်တွေလိုမျိုး လူစည်ကားတဲ့ နေရာတွေမှာ အရေးပေါ် မီးပြတ်သွားရင် လုံလုံခြုံခြုံ သွားလာနိုင်ဖို့၊ လုံခြုံရေးမီး၊ လမ်းမီးတွေ ပေးနိုင်ဖို့ မီးစက်ကြီးတွေကို နေရာ ၈ နေရာမှာ တပ်ဆင်ချထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အရံမီးစက် ၁၀လုံး ရှိပါသေးတယ်။ လိုအပ်ရင် ပိုချသွားဖို့ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။ မီးစက်ကြီးများ တပ်ဆင်ထားသည့် နေရာအချို့မှာ ပြည်လမ်းနှင့် လှည်းတန်းလမ်းဆုံ၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်၊ ဆူးလေဘုရားလမ်း (ဗဟိုဘဏ်ဘေး)နှင့် သာကေတအ၀ိုင်း စသည့်နေရာများ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More