Showing posts with label အလုပ်သမားရေးရာ. Show all posts
Showing posts with label အလုပ်သမားရေးရာ. Show all posts

Saturday, May 19, 2012

အခကြေးငွေ ဥပဒေထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်

ရန်ကုန်၊ မေ ၁၅
အနည်းဆုံး အခကြေးငွေ ဥပဒေထွက်လာပါက လက်ရှိဖြစ်ပေါ်နေသော အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းသွားနိုင်ကြောင်း နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”အနည်းဆုံး အခကြေးငွေ ဥပဒေက ရေးဆွဲနေဆဲပဲ ရှိတယ်။ အဲဒါမကြာခင် ထွက်လာဖို့ရှိပါတယ်” ဟု ၄င်းက ပြောသည်။
လုပ်ခ လစာနည်းပါးမှုကြောင့် ရွှေပြည်သာနှင့် လှိုင်သာယာရှိ စက်ရုံ အလုပ်သမား ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်မှုများ ယခုလအတွင်း ဖြစ်ပွားခဲ့ပြီး မေလ ၈ရက် တွင် ရွှေပြည်သာရှိ Grand Royal အရက်စက်ရုံ၊ မေလ၉ရက်တွင် လှိုင်သာယာရှိ High-Art ဆံပင်တုစက်ရုံ၊ Myth Apparel အထည်ချုပ်စက်ရုံ၊ မေလ ၁၅ ရက်တွင် စံပယ်ပွင့် အထည်ချုပ် စက်ရုံ၊ တော်ဝင်ဖိနပ်စက်ရုံ စသည့်စက်ရုံတို့မှ အလုပ်သမား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။
၎င်းတို့ လက်ရှိရနေသော လစာနှုန်းထားဖြင့် စားဝတ်နေရေး ရပ်တည်ရန် မလုံလောက်သောကြောင့် လုပ်ခလစာ တိုးမြှင့်ပေးရန်၊ အလုပ်ဆင်းရက် တစ်ရက်ပျက်ပါက ရက်မှန်ကြေးအားလုံး ဖြတ်တောက်ခြင်းကို မပြုလုပ်ရန်နှင့် အခြေခံလစာကို တိတိကျကျ သတ်မှတ်ပေးရန်စသည့် အချက်များကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှု များ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စံပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦး ဖြစ်သည့် မစန်းခေါင်ဂျီက ”သူများတွေမှာ အလုပ်လုပ်ရင် တစ်နာရီကို ဘယ်လောက်ဆိုပြီးရှိတယ်။ ကျွန်မတို့မှာ အဲလို မရှိဘူး။ တစ်လလုံး အလုပ်လုပ်မှ ကျပ်နှစ်သောင်းလောက်နဲ့ ဘယ်လိုမှ စားမလောက်ဘူး”ဟု ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမဂ္ဂမှ ကိုနန္ဒာစစ်အောင် က ”လက်ရှိ ဖြစ်နေတာက အလုပ်သမားတွေက စားဝတ်နေရေး ခက် ခဲလို့ တောင်းဆိုနေကြတာ။ လူ့ အဖွဲ့အစည်းကလည်း ဆန္ဒဖော်ထုတ်လို့ရတဲ့ အနေအထားမို့ လုပ်ကြတာပါ။ အစိုးရ အနေနဲ့လည်း အလုပ်သမား၊ လယ်သမားအရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ရပိုင် ခွင့်ကို အခိုင်အမာ ကာကွယ် ပေးသင့်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က လက်ရှိတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို ထုတ်ပြန်ကြေညာခြင်း မပြုနိုင်သေးသော်လည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော အလုပ်သမားများ၏ တစ်နေ့လုပ်ခ ကျပ် ၂၁ဝဝ နှုန်းပေါ် မူတည်ကာလက်ရှိ ဖြစ်ပေါ်နေသော အလုပ် သမားပြဿနာများကို ဆွေးနွေးနေကြောင်း ပြောသည်။
”ဒီအပေါ် အလုပ်ရှင်တွေရဲ့ သဘောတူ မတူညှိရဦးမယ်။ အဓိကက အလုပ်ရှင်တွေကလည်း အော်ဒါမရလို့ အလုပ်သမားတွေကို အလုပ်မပေးနိုင်ဘူး ဖြစ်နေတာ” ဟု ¤င်းက ပြောသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေထွက်လာပါက အလုပ်သမားများထံမှ ရက်မှန်ကြေး ဖြတ်တောက်ခြင်း၊ အခြားဆုကြေးများ ဖြတ်တောက်ခြင်း စသည်တို့ကို ပြု လုပ်နိုင်တော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် အနည်းဆုံးအခကြေးငွေ ဥပဒေကိုအမြန်ဆုံး သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖြစ်မောက်ရေး ကော်မတီမှ ဦးထွန်းထွန်းနိုင်ကလည်း ပြောသည်။
”ဒီဥပဒေကို ပြည်ထောင်စု ရှေ့နေချုပ်ဆီကိုတင်ပြီး သဘောထား တောင်းခံထားတယ်လို့ သိရပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ကလည်း ဒီဥပဒေကို အမြန်ဆုံး ပြန် ချပေးဖို့ လိုသလို လွှတ်တော်ကလည်း အမြန်ဆုံး အတည်ပြုဖို့ လိုပါတယ်။ ဒါမှ ပြဿနာတွေ ပြေလည်မှာပါ” ဟု ၄င်းက ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒဖော်ထုတ်မှုများနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က စက်ရုံများသို့ သွားရောက်ကာ ဖြေရှင်းပေးနေကြောင်း သိရသည်။
မေလ ၁၅ ရက်တွင် ရရှိသော သတင်းများအရ စံပယ်ပွင့်စက်ရုံနှင့် တော်ဝင်အလုပ်သမား ပြဿနာမှာ ညှိနှိုင်းဆဲ အနေအထားတွင်ရှိပြီး ရွှေပြည်သာရှိ Grand Royal စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှုများမှ သောက်သုံးရေ မလုံလောက်မှုမှလွဲ၍ ကျန်သောတောင်းဆိုမှုများကို လိုက်လျောခြင်း မရှိသေးကြောင်း အလုပ်သမားများ ထံမှ သိရသည်။ Grand Royal စက်ရုံနှင့် ပတ်သက်၍ ထပ်မံဖြေရှင်းရန် မေလ ၁၆ ရက်သို့ ထပ်မံရွှေ့ဆိုင်း ထားကြောင်း အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဌာနမှ သိရသည်။
လက်ရှိတွင်ပြဿနာ ဖြစ်ပွားနေသော စက်ရုံများတွင် တရုတ်၊ကိုရီးယား စသည့်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံထားသော စက်ရုံများပါဝင်ပြီး အလုပ်သမားများ၏ လစာမှာ အနည်းဆုံး ကျပ်နှစ်သောင်းမှ ကျပ်လေးသောင်းအထိသာ ရရှိကြကြောင်း သိရသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေကို ယခုနှစ်အတွင်းအပြီး သတ်ရေးဆွဲနိုင်ရေးနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယင်း ဥပဒေမူကြမ်းကို ဇန်နဝါရီ ၁၇ ရက်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့၍ သဘောထားတောင်းခံထားပြီး ယခုနှစ်အတွင်း လွှတ်တော်သို့ တင်ပြ၍ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း မတ်လ ၆ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မေဇင်ဝင်း၊ ဧပရယ်ဦး

Twitter Delicious Facebook Digg Stumbleupon Favorites More