Tuesday, March 27, 2012

၆၇ နှစ်မြောက် မြန်မာ့တပ်မတော်နေ့အား ဂုဏ်ပြုလျှက်

တပ်မတော်နေ့ (March 27)


တပ်မတော်နေ့ အဖြစ် သတ်မှတ် ခဲ့သည်မှာ ဦးနုက ၀န်ကြီးချုပ်၊ ဦးဗဆွေက ကာကွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ယူ အုပ်ချုပ်နေသည့် ပါလီမန် ဒီမိုကရေစီ ခေတ် ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် တရုတ်ဖြူ ကျူးကျော်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ၁၉၅၅ ခုနှစ်ဆန်းတွင် ရန်ကြီးအောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ထိုစစ်ဆင်ရေးကြီးများ အပြီးတွင် တရုတ်ဖြူတပ်များ မြန်မာ့မြေပေါ်ရှိ အခိုင်အမာ စခန်း အားလုံးကို စွန့်လွှတ်ပြီး ဆုတ်ခွာ သွားခဲ့ရသည်။ ထို့ကြောင့် ၁၉၅၅ မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ၀န်ကြီးအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း၊ ထိုနေ့ကို သတ်မှတ်ရာတွင် ဖက်ဆစ် ဂျပန်တို့အား အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့သည့် ဗမာ့ တပ်မတော်သား များကို ဂုဏ်ပြုသော အားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။


ထိုဆုံးဖြတ်ချက် အရ အောင်ဆန်းကွင်းတွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် စတင်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဘီအိုင်အေ စတင် ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ (အချို့က ၂၆ ရက်ဟု ဆိုသည်။) ကို တပ်မတော်နေ့ သတ်မှတ်ရန် သင့်မသင့် စဉ်းစားခဲ့ဖူးသည်။ သို့သော် ဘီအိုင်အေ တပ်မတော်သည် ဂျပန် အကြံပေး အရာရှိများ၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ ကွပ်ကဲမှုဖြင့် တိုက်ပွဲ ၀င်ခဲ့ရသဖြင့် လွတ်လပ်သော တပ်မတော် မဟုတ်၊ ဖက်ဆစ်တော်လှန်ရေး လုပ်ချိန်မှသာ ဂျပန် အကြံပေးများကို ဖယ်ရှားပြီး လွတ်လပ်သော မျိုးချစ် တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် မတ်လ ၂၇ ရက် ကိုပင် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။


အဏ္ဏ၀ါစစ်သည်
(1945 March 27 ဖက်ဆစ်တော်လှန် ရေးနေ့။ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှ ရဲဘော်ဒို့ အနီးဆုံးရန်သူ ကို ခြေမှုန်းပါ လို့ အရိပ်ပြ မိန့်ခွန်းခြွေခဲ့တဲ့ နေ့။)

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More