Friday, April 12, 2013

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ



စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။

"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊ ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရန် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။

"ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။

တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။

ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

ဒီမိုကရေစီ နည်းလမ်း တကျ လွတ်လပ်စွာ ကွန့်မန့်ရေးသား နိုင်ပါတယ်... ကိုယ့်အခွင့်အရေး အတွက်ကြောင့် သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ပါစေနဲ့...

Twitter Delicious Facebook Digg Stumbleupon Favorites More